International News

အိန္ဒိယနိုင်ငံ၏ ၂၀၁၉-၂၀၂၀ ခုနှစ် သီးနှံများစိုက်ပျိုးထွက်ရှိနိုင်မှု ဒုတိယအကြိမ် ကနဦး ခန့်မှန်းချက် ထုတ်ပြန်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံရှိ စိုက်ပျိုးရေး၊ သမဝါယမနှင့် တောင်သူလယ်သမားများဖူလုံရေးဦးစီးဌာနသည် ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အဓိကသီးနှံများ စိုက်ပျိုးထွက် ရှိနိုင်မည့်အခြေအနေ ဒုတိယအကြိမ် ကနဦးခန့်မှန်းချက်ကို ၁၈.၂.၂၀၂၀ နေ့၌ ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံး၌ ပဲမျိုးစုံနှင့် နှံစားသီးနှံများ စုစုပေါင်းတန်ချိန် ၂၉၁.၉၅ သန်းခန့် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ ယခင် ၂၀၁၈-၂၀၁၉ ခုနှစ်ကာလ၌ ထုတ်လုပ်နိုင်မှုထက် ကောက်ပဲသီးနှံတန်ချိန် ၆.၇၄ သန်းပိုမိုတိုးတက် များပြားမှုရှိမည်ဖြစ်ပါသည်။

အဆိုပါဌာန၏ သတင်းထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ် မုတ်သုံရာသီကာလ၌ မိုးရွာသွန်းမှုမှာ ပျမ်းမျှကာလရှည် မိုးရွာသွန်းမှုထက် ၁၀% ခန့်ကျော်လွန် ပြီး စိုက်ပျိုးရေအလုံအလောက် ရရှိခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ် သီးနှံစိုက်ပျိုးထွက်ရှိနိုင်မှုမှာ ပုံမှန်ထက်ပိုမိုမည်ဟု ခန့်မှန်းခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် အချိန်နှင့်အမျှ ရရှိလာမည့် ပိုမိုတိကျသော အချက်အလက်များကို အခြေပြု၍ ယခုခန့်မှန်းထားရှိမှုမှာ ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အိန္ဒိယစိုက်ပျိုးရေးဌာန၏ ခန့်မှန်းချက်အရ နိုင်ငံတစ်ဝန်းလုံး၌ ၂၀၁၉-၂၀၂၀ ခုနှစ် ဆန်စပါးထုတ်လုပ်မှုမှာ တန်ချိန် ၁၁၇.၄၇ သန်းဖြစ်ရာ ယခင်နှစ် ထက် ၀.၉၉ သန်းပိုမိုမည်ဖြစ်ပြီး ၅ နှစ်တာကာလအတွင်း ပျမ်းမျှဆန်စပါးထုတ်လုပ်နိုင်မှုထက် တန်ချိန် ၉.၆၇ သန်း ပိုမိုကြောင်း တွေ့ရှိရသည်။ အလား တူ ဂျုံစိုက်ပျိုးထွက်ရှိနိုင်မှုကိုလည်း တန်ချိန် ၁၀၆.၂၁ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားရာ ၂၀၁၈-၂၀၁၉ ခုနှစ် ထွက်ရှိမှုထက် တန်ချိန် ၂.၆၁ သန်း ပိုမို တိုးတက်မှုရှိမည်ဖြစ်သည်။ ယခင် ၅ နှစ်တာကာလအတွင်း ပျမ်းမျှဂျုံစိုက်ပျိုးထွက်ရှိမှုမှာ တန်ချိန် ၉၄.၆၁ သန်း ဖြစ်ရာ ယခုစိုက်ပျိုးထွက်ရှိမှုမှာ တန်ချိန် ၁၁.၆၀ သန်း ပိုမိုမြင့်တက်ရန် ခန့်မှန်းထားခြင်းဖြစ်သည်။

ပဲမျိုးစုံစိုက်ပျိုးထွက်ရှိနိုင်မှုအား ယခင်နှစ်ထုတ်လုပ်နိုင်မှုထက် တန်ချိန် ၀.၉၄ သန်း ပိုမိုလျက် စုစုပေါင်းတန်ချိန် ၂၃.၀၂ သန်း ထွက်ရှိရန် ခန့်မှန်းထား ရှိသည်။ ပဲစင်းငုံစိုက်ပျိုးမှုအား တန်ချိန် ၃.၆၉ သန်းနှင့် ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုအား တန်ချိန် ၁၁.၂၂ သန်း ထွက်ရှိမည်ဟု မျှော်မှန်းထားရာ ယခင် နှစ်ကထက် တန်ချိန် ၀.၃၇ သန်းနှင့် ၁.၂၈ သန်း အသီးသီး ပိုမိုမည်ဖြစ်သည်။ သို့ရာတွင် ယခုနှစ် မိုးရာသီနှင့်ဆောင်းရာသီတို့၌ ထိခိုက်ပျက်စီးမှုနှင့် စိုက်ဧကလျော့ကျမှု ဖြစ်ပေါ်ခဲ့သော မတ်ပဲနှင့် ပဲတီစိမ်းတို့ကိုမူ တန်ချိန် ၂.၂၅ သန်းနှင့် ၂.၂၇ သန်း ထွက်ရှိရန် ခန့်မှန်း ထားရာ ယခင်နှစ် ထုတ်လုပ်မှု အောက်တန်ချိန် ၀.၈၁ သန်းနှင့် ၀.၁၉ သန်း အသီးသီးလျော့ကျမည်ဖြစ်သည်။ အိန္ဒိယအစိုးရက ယခုဒုတိယအကြိမ် ခန့်မှန်းချက်ထုတ်ပြန်ရာ၌ မိုးရာသီ ကာလ ပဲမျိုးစုံစိုက်ပျိုးထွက်ရှိနိုင်မှုကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ၊ ပထမအကြိမ် ခန့်မှန်းစာရင်းထုတ် ပြန်ခဲ့မှုအောက်သို့ လျော့ချခဲ့ကြောင်း တွေ့ရှိရ သည်။

ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအား ယခင်နှစ်ထွက်ရှိမှုထက်တန်ချိန် ၂.၆၇ သန်းပိုမို၍ ၂၀၁၉-၂၀၂၀ ခုနှစ်၌ အထွက်ပမာဏ တန်ချိန် ၃၄.၁၉ သန်း ရရှိရန်ခန့်မှန်းထားပြီး ကြံစိုက်ပျိုးမှု မှာမူ ယခင်နှစ်အောက် တန်ချိန် ၅၁.၅၇ သန်းလျော့ကျပြီး စုစုပေါင်းတန်ချိန် ၃၅၃.၈၅ သန်းသာ ထွက်ရှိနိုင်မည်ဟု အိန္ဒိယစိုက်ပျိုးရေးဌာနက ဖော်ပြပါသည်။

ယခုနှစ် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ကောင်းမွန်ခြင်းက ပြည်တွင်းရှိစားသုံးသူများအတွက် ဈေးနှုန်းသက်သာမှုရရှိစေမည်ဖြစ်ဖြစ်သော်လည်း အခြားတစ်ဖက်တွင် အစိုးရအနေဖြင့် ပြည်တွင်းဈေးကွက် လိုအပ်ချက်ထက် ပိုမိုထွက်ရှိလာသည့် ဂျုံကဲ့သို့သော သီးနှံများအတွက် ရိတ်သိမ်းချိန်လွန် ကာလသိုလှောင်ထိန်းသိမ်းမှုများကို စနစ်တကျလုပ်ဆောင်နိုင်ရန် လိုအပ်လျက်ရှိသည်။ ပြည်တွင်းမှထွက်ရှိသည့် ဂျုံပမာဏ၏ သုံးပုံတစ်ပုံခန့်ကို Food Corporation of India ကဲ့သို့သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများက နှစ်စဉ်ဝယ်ယူသိုလှောင်လျက်ရှိရာ ယခုနှစ်၌ အစိုးရက ဂျုံတန်ချိန် ၂၈ သန်းမှ ၃၇ သန်းအထိ ဝယ်ယူဖွယ်ရာရှိသည်။

 

မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ

 

Source:         1. “India's 2019-20 foodgrain production to hit a record high of 291.95 million tonnes”, 18 Feb 2020, Economic Times

                   2. “Record wheat output expected, arranging storage for harvest a worry”, 18 Feb 2020, Business Standard

                   3. “Second Advance Estimates of Production of Foodgrains, Oilseeds and other Commercial Crops for 2019-20”, 18 Feb     2020, Press release of Ministry of Agriculture & Farmers Welfare of India

 

Category: International News